Chat with us, powered by LiveChat

နောက်ခံသမိုင်းအကျဉ်း

ယနေ့”အခြေခံပညာဦးစီးဌာန”သည် ၂၀၂၀ပြည့်နှစ်တွင် (၁၅၄)နှစ် ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ၁၈၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော”ပညာရေးဌာန” (Educational Department) သည် ငွေရတု၊ ရွှေရတု၊ စိန်ရတု၊ ပတ္တမြားရတုစသည်တို့ဖြင့် အဆင့်ဆင့်ဖြတ်ကျော်လာခဲ့ပြီး ယနေ့ အခြေခံ ပညာဦးစီးဌာနအနေဖြင့် မားမားမတ်မတ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိနေပြီလည်း ဖြစ်ပါသည်။

၁၉၆၀-၁၉၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပေါ်ထွန်းလာခဲ့သော ပညာမင်းကြီး (အုပ်ချုပ်ရေး) ရုံးနှင့် ပညာမင်းကြီး(သင်တန်းနှင့် စီမံကိန်း)ရုံး တို့ကို ၁၉၆၂ ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့မှ စတင်၍ တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ပြန်လည်တိုးချဲ့ဖွဲ့စည်းမှုအရ”အုပ်ချုပ်ရေးလက်ရုံး”(Administration Wing)နှင့် “ပညာရေးလက်ရုံး”(ကျွမ်းကျင်မှု လက်ရုံးဟူ၍လည်း ခေါ်ဝေါ် သည်။) (Academic Wing)ဟူ၍ လက်ရုံးနှစ်ဖက်ရှိလာခဲ့ပါသည်။

အုပ်ချုပ်ရေးလက်ရုံးသည် (၁)အထွေထွေပညာရေး၊ (၂)အုပ်ချုပ်ရေး၊(၃)ဘဏ္ဍာရေးနှင့် လုပ်ငန်း (Works)၊ (၄)အလွတ်ပညာသင်ကျောင်းများနှင့် သက်ဆိုင်သည့် ကိစ္စအရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ပေးရပါသည်။

ကျွမ်းကျင်မှု လက်ရုံး(ပညာရေးလက်ရုံး)သည်(၁)ဆရာအတတ်သင်၊(၂)သုတေသနနှင့် စီမံကိန်း၊ (၃)သင်ရိုးညွှန်းတမ်းနှင့် စာအုပ်ပြဋ္ဌာန်းရေး၊ (၄)စာမေးပွဲများ၊ (၅)မသင်မနေရ မူလတန်းပညာ ရေး၊ (၆)စက်မှုလက်မှု စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေး၊ အထူးပညာရေး [(က)သိပ္ပံ၊ (ခ) အိမ်တွင်းသိပ္ပံ၊ (ဂ)ပန်းချီအနုပညာ၊ (ဃ)ကာယပညာ]နှင့် (၈)ရုပ်မြင်သံကြား ပညာရေးတို့နှင့် သက်ဆိုင်သည့် ကိစ္စအရပ်ရပ်တို့ကို တာဝန်ယူဆောင်ရွက်ပေးရပါသည်။

ထိုစဉ်ကာလက ကျင်းပခဲ့သော အထွေထွေပညာရေး နှီးနှောဖလှယ်ပွဲများနှင့် ထောက်ခံ အကြံပေးချက်များကို အခြေပြု၍ “အထွေထွေပညာရေး” (General Education ) အမည်မှ “အခြေခံပညာရေး” (Basic Education)ဟူ၍ အမည်သို့ ပြောင်းလဲစေခဲ့ပြီး “၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ အခြေခံပညာရေးဥပဒေ”ကို ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေအရ အခြေခံပညာရေးစနစ်ကို ၁၉၆၇-၁၉၆၈ စာသင်နှစ်မှ စတင်ချမှတ် အကောင်အထည်ဖော် ခဲ့ပါသည်။

၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် “ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေး” အစီအစဉ်အရ အတွင်းဝန်များရုံးကို ဖျက်သိမ်း၍ ဝန်ကြီးများရုံးကို ဖွဲ့စည်းခြင်း၊ ညွှန်ကြားရေးဝန်ရုံးများကို ဖျက်သိမ်း၍ ဦးစီးဌာနနှင့် ကော်ပိုရေးရှင်းများကို ပြန်လည်ဖွဲ့စည်း ခြင်း စသည်တို့ကို ၁၉၇၂ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် မြန်မာနိုင်ငံပညာညွှန်ကြားရေးဝန်ရုံး (Directorate of Education)သည် ” အခြေခံပညာဦးစီးဌာန”Basic Education Department)တစ်ရပ်ဖြစ်လာခဲ့ပါသည်။

(၁-၄-၁၉၉၈)ရက်နေ့တွင် အခြေခံပညာဦးစီးဌာနကို အမှတ်(၁)အခြေခံပညာဦးစီးဌာန၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနဟူ၍ ဦးစီးဌာန(၃)ခုအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ (၁-၄-၂၀၁၅)ရက်နေ့တွင် အဆိုပါဦးစီးဌာန(၃)ခုကို ပြန်လည်ပေါင်းစည်း ပြီး အခြေခံပညာဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ရည်ရွယ်ချက်

  • နိုင်ငံသားတိုင်း အခြေခံပညာ ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်၊
  • အခြေခံပညာ အဆင့်အလိုက် တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်စေရန်၊
  • ပြည်သူ့နီတိနှင့် ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသားကောင်းများ ဖြစ်စေရန်၊
  • ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့်သမိုင်းအမွေအနှစ်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်း မြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများ ဖြစ်စေရန်၊
  • သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးကာကွယ်ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်သော နိုင်ငံသားများဖြစ်စေရန်၊
  • နိုင်ငံတကာအဆင့်မီ ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထိရောက်စွာ အသုံးပြု ခြင်းဖြင့် သင်ကြားရေး၊ သင်ယူရေး အရည်အသွေးမြင့်မားရန်၊
  • အားကစားနှင့် ကာယပညာ လုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာရန်၊
  • အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများ ရရှိရန်၊
  • လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများ နားလည်လက်ခံ ၍ တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံး နေထိုင်တတ်သည့် ကမ္ဘာ့နိုင်ငံသားများဖြစ်ရန်၊
  • မြန်မာနိုင်ငံသား တစ်ဦးအဖြစ် မြတ်နိုးဂုဏ်ယူတတ်ရန်၊

လုပ်ငန်းတာဝန်

အခြေခံပညာသင်ကျောင်းများ ဖွင့်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ပညာသင်ကြားမှု စစ်ဆေးခြင်း၊ ဆရာအတတ်သင် ပညာသင်ကြားပို့ချလေ့ကျင့်ခြင်း၊ အလုပ်ခွင်ရှိ ဆရာများ၏ သင်ကြားမှု စွမ်းရည်တိုးတက်ရေး၊ ဆရာများ၏ ပညာအရည်အချင်းသတ်မှတ်ရေး၊ ဘာသာရပ် သင် ကိုယ်ပိုင်သင်တန်းဥပဒေအရ သင်တန်းများမှတ်ပုံတင်ရေး၊ သင်ရိုးမာတိကာနှင့်ကျောင်းသုံး စာအုပ်ပြုစုရေး၊ ကျောင်း စာကြည့်တိုက် ဖွင့်လှစ်ထိန်းသိမ်းရေးတို့နှင့် ဝန်ကြီးဌာနက အခါအား လျော်စွာ ချမှတ်ပေးသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ

ညွှန်ကြားရေးမှူးချုပ်

ဦးကိုလေးဝင်း